(ဂါင်တအာင်
ဂါရ် ကအာန်ဆမာရ်
ဂါင်တအာင်
= ပလောင်အိမ်
ကအာန်ဆမာရ်
= မျိုးစေ့
ရှေးအခါက
တိုင်းပြည်တပြည်တွင် ဘုန်းတန်ခိုးကြီးသော ဘုရင်တပါးမင်းပြု၏။ ထိုမင်းသည် တိုင်းခန်းလှည့်လည်၍
ဗဟုသုတ ရှာဖွေဆည်းပူးခြင်းကို နှစ်သက်၏။
မင်းကြီးမှာ
နတ်မြင်းပျံကို ပိုင်သူဖြစ်၍ ကမ္ဘာမြေအဆုံးသို့လည်း လှည့်လည်သွားလာနိုင်သည့် စွမ်းရည်ရှိလေသည်။
တနေ့သော်
မင်းကြီးသည် ယခုတောင်ပိုင်နယ် နမ့်ဆန်မြို့၏ အရှေ့တောင်အရပ်ရှိ လွယ်ဆိုင်ခေါ် ဒွယ်ဆဲင်တောင်သို့ရောက်လာလေ၏။
လွယ်ဆိုင်တောင်သို့ရောက်လျှင် မင်းကြီးသည် မိမိ၏မြင်းသည်တော်များအား အရပ်လေးမျက်နှာရှိ
လူသူအပေါင်းမြင်စေရန် အလံများထူစေ၍ ညအချိန်တွင် မီးများဖိုစေ၏။
အရပ်လေးမျက်နှာရှိ
ပလောင်အမျိုးသားတို့သည်လည်း လွယ်ဆိုင်(ဒွယ်ဆဲင်)တောင်မှ အလံများ၊ မီးများကိုမြင်လျှင်
အလွန်အံ့သြကြ၏။ အကြောင်းထူးတခုခုရှိမည်ဟုယူဆကြကာ လွယ်ဆိုင်(ဒွယ်ဆဲင်)တောင်သို့ စုရုံးရောက်ရှိလာကြလေသည်။
ရောက်ရှိလာကြသောလူအပေါင်းလည်း မင်းကြီးအား ဖူးမျှော်ရလျှင် လွန်စာဝမ်းမြောက်ကြ၍ ပါလာသော
စားကောင်းသောက်ဘွယ်များကို ဆက်သကြလေ၏။
မင်းကြီးလည်း
ရောက်လာသမျှသော ပလောင်အမျိုးသား၊ အမျိုးသမီးများကို ကြည့်ရှုလေရာ အသွင်ထူးခြားသည့် ပလောင်အဘိုးအိုသုံးဦးကို
တွေ့ရလေ၏။
တဦးသောအဘိုးအိုမှာတောင်မရွာမ
တောင်မအဘိုးဖြစ်၏။ ‘တာတွောင်မ’ လည်းခေါ်၏။ ‘တာတကြံမ်’ ဟုလည်းခေါ်၏။
ဒုတိယအဘိုးအိုမှာ
‘တာကွန်ဟာယ်’ ခေါ် ကွန်ဟဲအဖိုးဖြစ်၏။ ကွန်ဟဲရွာတွင်နေသော အဘိုးအိုဖြစ်၏။
တတိယအဘိုးအိုမှာ
ဇယန်းရွာတွင်နေသော ဇယန်းအဘိုးအိုဖြစ်၏။ ‘တာဇွောင်နံင်’ ဟုခေါ်၏။
မင်းကြီးလည်း
ထိုအဘိုးအိုသုံးဦး၏ အကြောင်းကို မေးလေလျှင် မင်းကြီးတပါး၏ မြင်းသည်တော်လူစွမ်းကောင်းများဖြစ်ကြောင်း
သိရလေ၏။
မင်းကြီးလည်း
အဘိုးအိုသုံးဦးအား မည်သည်အရာဝတ္ထုအလိုရှိကြောင်း လျှောက်တင်ရင် မိန့်တော်မူ။
အဘိုးအိုသုံးဦးလည်း
နေစရာနှင့် စားစရာများပေးသနားတော်မူရန် မင်းကြီးအား လျောက်တင်ကြလေ၏။
ထိုအခါ
မင်းကြီးက သင်တို့၏နေစရာအတွက် ငါ၏ဥသျှောင်ကိုကြည့်ပြီး တည်ဆောက်၍နေကြပေတော့ဟု မိန့်တော်မူ၏။
(ပလောင်အိမ် လုံးလုံးကြီးများမှာ မင်းကြီးဥသျှောင်နှင့် တူသည်ဟုဆိုကြသည်။)
သင်တို့စားစရာအတွက်
မျိုးစေ့များ ပေးသနားမည်ဟုဆိုကာ အဘိုးအိုသုံးဦးတို့အား တဦးလျှင် နတ်သစ်စေ့ တစေ့စီ
ပေးသနားတော်မူ၏။ ရောက်လာသမျှသော သူတို့ကိုလည်း ပဲ၊ပြောင်း၊စပါး၊နှမ်း စသည့်မျိုးစေ့
များကိုပေးတောင်မူ၏။
မင်းကြီးလည်း
အဘိုးအိုသုံးဦးအား ဤနတ်သစ်စေ့ကို စိုက်ပျိုး၍ ပေါက်လာသော အပင်မှအရွက်ကို သုတ်၍စားနိုင်၏။
အခြောက်ပြု၍ အရည်ကိုကျိုချက်သောက်နိုင်၏။ ဤသစ်ရွက်၏ အစွမ်းသည် အပူဓါတ်ကို ငြိမ်းစေနိုင်၍
အသက်ရှည်စေနိုင်သည်ဟု မိန့်တော်မူလေသည်။
ထိုအခ
တောင်မအဘိုးသည် မင်းကြီးပေးသောနတ်တစ်စေ့ကို မပျောက်ဆုံးစေရန် ပါးစပ်တွင် ဝမ်းသာအားရငုံ၍ထား၏။
ဤသို့ငုံထားရာမှ သတိလစ်၍ မျိုချမိလေရာ လည်ပင်းတွင် တစ်ဆို့ပြီး သေဆုံးလေသည်။
မင်းကြီးသည်
တောင်မအဘိုးအို၏ လည်ပင်းမှနတ်သစ်စေ့ကို ကိုယ်တောင်တိုင် ထုတ်ယူပြီးလျှင် ‘ဤနတ်သစ်စေ့မှ
တောင်ပိုင်းနယ်တွင် မျိုးပြန့်စေသတည်း’ ဟု အဓိဋ္ဌာန်ပြု၍ လွယ်ဆိုင်တောင်တွင် စိုက်ပျိုးလေသည်။
(မူလအပင်မှာ
မီးလောင်သွားသော်လည်း အငုတ်မှ အတက်ပေါက်၍ ကြီးပြင်းနေသောအပင်မှာ ယခုတိုင် လွယ်ဆိုင်တောင်တွင်
ရှိပေသေးသည်။ မူလမင်းကြီးစိုက်သော အပင်မှာ လူနှစ်ဖက်ခန့်ရှိသည်ဟု ရှေးလူကြီးသူမများက
ပြောလေ့ရှိကြလေသည်။)
သေဆုံးသွားသောမြင်းစီးသူရဲကောင်း
အဘိုးအိုအားလည်း ဤတောင်တွင် သာသနာပြုရစ်ရန် အမိန့်ပြန်တော်မူလေသည်။
ဒုတိယအဘိုးအို
(တာကွန်ဟာယ်)အားလည်း သင်သည် ဤသစ်စေ့မှ မျိုးပြန့်စေရမည်။ ဤအပင်မှအရွက်ကို အခြောက်ပြု၍
အရည်ကျိုစေပြီးလျှင် လူသားတို့အတွက် အကျိုးပြုလေတော့ဟု မိန့်ကြားလေ၏။ ထို့ကြောင့်(တာကွန်ဟာယ်)
ကွန်ဟဲအဘိုးမျိုးစေ့ချခဲ့သော ကွန်ဟဲလက်ဖက်ခြောက်ယခုတိုင် အနံ့အရသာတွင် ပြိုင်ဘက်ရှားလေသည်။
တတိယအဘိုးအိုဖြစ်သော
ဇယန်းအဘိုးအို (တာဇွောင်နံင်)အားလည်း သင်သည် ဤနတ်သစ်စေ့မှ မျိုးပြန့်ပွားစေရမည်။ ဤအပင်မှအရွက်ကိုပေါင်း၍
အချဉ်ပြုပြီးလျှင် သုတ်၍စားနိုင်ရန် လူသားတို့အတွက် အကျိုးပြုရစ်လော့ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဇယန်းနယ်ထွက် ဇယန်းလက်ဖက်စိုမှာ ပြိုင်ဘက်ရှားသည်ဟု ပလောင်အမျိုးသားတို့ပြောဆိုလေ့
ရှိကြလေသည်။
ပလောင်ပုံပြင်များ စာအုပ်မှာ ပြန်လည်ကူးယူဖော်ပြသည်။