Sunday, November 3, 2013

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်


 ဟိုး ခပ်ဝေးဝေး
 ကြီးကောင်စဝင်စ အသံလေးမှာ
 ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ်
 ကမ္ဘာမြေကြီးပေါ်မှာ
 အကုသိုလ်ပန်းတွေဝေပုံကလည်း
 အဖူးပေါ် အညွှန့်တက်လို့
 တပ်မက်စရာပါလား အမေ
 သံသရာလေးတေးချင်းတွေက စီစီ
 ပုရစ်ကလေးလို သားကမြည်လို့ပေါ့
 တစ်ခါတစ်ရံတော့ အမေရယ်
 သားဘဝဟာ
 မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ် ။
 သားလေ
 သူ့ကိုယ်ပိုင် အသီးတွေ
 ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
 ပျော်ရှာတဲ့
 ကုန်ထမ်းသမား သလဲပင်ကလေးကို
 အားကျမိတယ် ။
 အမေရယ်
 လေတွေထန်နေလေလေ
 သားမှာ ကြေကွဲရလေလေပါပဲ
 မိုးဦးအကျစောမယ်ဆိုတာလည်း
 တကယ်တော့
 လောကဓံတရားပါလား
 အိပ်စရာမရှိတဲ့ ညတွေမှာ
 မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
 အမှောင်နဲ့ စိုစွတ်
 မိုးရေတွေ ရွှဲရွှဲနစ်လို့
 အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ ။
 ဆုံးရှုံးမှု သစ်ရွက်တွေ မရှုမလှနဲ့
 ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
 သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
 သားငြင်းဆန်တယ် အမေ
 အမေ မသိဘူးလား
 အမေ့သားက ကဗျာဆရာလေ
 အမေရဲ့ ။
 တကယ်တော့လည်း အမေရယ်
 ကဗျာဆရာဆိုတာ
 ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
 အမေရယ်
 ဟောဒီ ကမ္ဘာလောကကြီးမှာ
 အမေ့သား ကဗျာဆရာဖြစ်လာတာ
 အပြစ်ရှိပါသလား အမေ
 သားရဲ့ အချစ်မှာလေ
 ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
 စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
 ခုတော့
 တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
 ခေါင်းအုံးအိပ်မိလို့
 အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ် ။
 အမေမသိဘူးလား
 လူတွေရဲ့ အပြုံးမှာ
 ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့ ။
 ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
 ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
 သား တူးတူးခါးခါး မုန်းတယ်အမေ ။
 အမေရယ်
 တခြားသူတွေ အတွက်တော့
 အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ ။
 သားမှာတော့
 ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
 သားလေ
 ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။
 သားရဲ့ ' ဘီး ' ကလေးဟာလေ
 ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
 ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
 ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။
 အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
 နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
 အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
 အမေရယ်
 လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
 ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
 အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
 ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
 ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
 အမေရယ်
 အတွင်းလူမမာ တစ်ယောက်ပါ ။
 ဒါပေမယ့်
 သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
 ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
 လူနဲ့သူနဲ့ မတူတဲ့လူလို့
 လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
 ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
 ဘယ်တော့များမှ သမ္မဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
 တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့
 မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
 သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
 ဘဝကို ဖြစ်ညှစ်ကြည့်လိုက်တော့
 လိမ္မော်သီးကလေးမှာ
 အချိုရည် ကျန်သေးတယ်
 အို....
 အသည်းနှလုံးထဲမှာ
 ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။
 ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
 မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
 နှင်းစက်တွေကို
 အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
 လမင်းကို
ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
 အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
 မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
 မကြာခဏ
 လူလိမ်ခံရတဲ့
 ရင်ထဲက ကြယ်ပြာလေးရယ်
 နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
 အပျော်လေးရယ်
 သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
 တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
 အမေ့သားမှာ ပိုင်ဆိုင်ပါတယ် ။
 ထမင်းစစ်စစ် စားချင်တယ် အမေရယ်
 အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
 ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
 ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
 ပြီးတော့ ဟောဒီလို
 အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
 တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
 ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
အမေရယ်
 အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
 သားသင်္ဘောလေ အမေရဲ့ ။
 ကျနော် ရိုးသားခဲ့ပါတယ် အမေ
 ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။     ။

မောင်ချောနွယ်
(ကဗျာတွေကိုဖတ်ရတာ အရမ်းဝါသနာပါပါတယ်.. ဒါပေမဲ့ ကဗျာတော့မရေးတတ်ဘူး။ နားလည်တဲ့ကဗျာရှိသလို နားမလည်တဲ့ကဗျာလဲရှိတယ်။ စာဖတ်အားနည်းလို့နေမှာပေါ့နော့်။)

Monday, October 28, 2013

ပလောင်အိမ်နှင့် မျိုးစေ့များ


(ဂါင်တအာင် ဂါရ် ကအာန်ဆမာရ်

ဂါင်တအာင် = ပလောင်အိမ်
ကအာန်ဆမာရ် = မျိုးစေ့
ရှေးအခါက တိုင်းပြည်တပြည်တွင် ဘုန်းတန်ခိုးကြီးသော ဘုရင်တပါးမင်းပြု၏။ ထိုမင်းသည် တိုင်းခန်းလှည့်လည်၍ ဗဟုသုတ ရှာဖွေဆည်းပူးခြင်းကို နှစ်သက်၏။
မင်းကြီးမှာ နတ်မြင်းပျံကို ပိုင်သူဖြစ်၍ ကမ္ဘာမြေအဆုံးသို့လည်း လှည့်လည်သွားလာနိုင်သည့် စွမ်းရည်ရှိလေသည်။
တနေ့သော် မင်းကြီးသည် ယခုတောင်ပိုင်နယ် နမ့်ဆန်မြို့၏ အရှေ့တောင်အရပ်ရှိ လွယ်ဆိုင်ခေါ် ဒွယ်ဆဲင်တောင်သို့ရောက်လာလေ၏။ လွယ်ဆိုင်တောင်သို့ရောက်လျှင် မင်းကြီးသည် မိမိ၏မြင်းသည်တော်များအား အရပ်လေးမျက်နှာရှိ လူသူအပေါင်းမြင်စေရန် အလံများထူစေ၍ ညအချိန်တွင် မီးများဖိုစေ၏။
အရပ်လေးမျက်နှာရှိ ပလောင်အမျိုးသားတို့သည်လည်း လွယ်ဆိုင်(ဒွယ်ဆဲင်)တောင်မှ အလံများ၊ မီးများကိုမြင်လျှင် အလွန်အံ့သြကြ၏။ အကြောင်းထူးတခုခုရှိမည်ဟုယူဆကြကာ လွယ်ဆိုင်(ဒွယ်ဆဲင်)တောင်သို့ စုရုံးရောက်ရှိလာကြလေသည်။ ရောက်ရှိလာကြသောလူအပေါင်းလည်း မင်းကြီးအား ဖူးမျှော်ရလျှင် လွန်စာဝမ်းမြောက်ကြ၍ ပါလာသော စားကောင်းသောက်ဘွယ်များကို ဆက်သကြလေ၏။
မင်းကြီးလည်း ရောက်လာသမျှသော ပလောင်အမျိုးသား၊ အမျိုးသမီးများကို ကြည့်ရှုလေရာ အသွင်ထူးခြားသည့် ပလောင်အဘိုးအိုသုံးဦးကို တွေ့ရလေ၏။
တဦးသောအဘိုးအိုမှာတောင်မရွာမ တောင်မအဘိုးဖြစ်၏။ ‘တာတွောင်မ’ လည်းခေါ်၏။ ‘တာတကြံမ်’ ဟုလည်းခေါ်၏။
ဒုတိယအဘိုးအိုမှာ ‘တာကွန်ဟာယ်’ ခေါ် ကွန်ဟဲအဖိုးဖြစ်၏။ ကွန်ဟဲရွာတွင်နေသော အဘိုးအိုဖြစ်၏။
တတိယအဘိုးအိုမှာ ဇယန်းရွာတွင်နေသော ဇယန်းအဘိုးအိုဖြစ်၏။ ‘တာဇွောင်နံင်’ ဟုခေါ်၏။
မင်းကြီးလည်း ထိုအဘိုးအိုသုံးဦး၏ အကြောင်းကို မေးလေလျှင် မင်းကြီးတပါး၏ မြင်းသည်တော်လူစွမ်းကောင်းများဖြစ်ကြောင်း သိရလေ၏။
မင်းကြီးလည်း အဘိုးအိုသုံးဦးအား မည်သည်အရာဝတ္ထုအလိုရှိကြောင်း လျှောက်တင်ရင် မိန့်တော်မူ။
အဘိုးအိုသုံးဦးလည်း နေစရာနှင့် စားစရာများပေးသနားတော်မူရန် မင်းကြီးအား လျောက်တင်ကြလေ၏။
ထိုအခါ မင်းကြီးက သင်တို့၏နေစရာအတွက် ငါ၏ဥသျှောင်ကိုကြည့်ပြီး တည်ဆောက်၍နေကြပေတော့ဟု မိန့်တော်မူ၏။ (ပလောင်အိမ် လုံးလုံးကြီးများမှာ မင်းကြီးဥသျှောင်နှင့် တူသည်ဟုဆိုကြသည်။)
သင်တို့စားစရာအတွက် မျိုးစေ့များ ပေးသနားမည်ဟုဆိုကာ အဘိုးအိုသုံးဦးတို့အား တဦးလျှင် နတ်သစ်စေ့ တစေ့စီ ပေးသနားတော်မူ၏။ ရောက်လာသမျှသော သူတို့ကိုလည်း ပဲ၊ပြောင်း၊စပါး၊နှမ်း စသည့်မျိုးစေ့ များကိုပေးတောင်မူ၏။
မင်းကြီးလည်း အဘိုးအိုသုံးဦးအား ဤနတ်သစ်စေ့ကို စိုက်ပျိုး၍ ပေါက်လာသော အပင်မှအရွက်ကို သုတ်၍စားနိုင်၏။ အခြောက်ပြု၍ အရည်ကိုကျိုချက်သောက်နိုင်၏။ ဤသစ်ရွက်၏ အစွမ်းသည် အပူဓါတ်ကို ငြိမ်းစေနိုင်၍ အသက်ရှည်စေနိုင်သည်ဟု မိန့်တော်မူလေသည်။
ထိုအခ တောင်မအဘိုးသည် မင်းကြီးပေးသောနတ်တစ်စေ့ကို မပျောက်ဆုံးစေရန် ပါးစပ်တွင် ဝမ်းသာအားရငုံ၍ထား၏။ ဤသို့ငုံထားရာမှ သတိလစ်၍ မျိုချမိလေရာ လည်ပင်းတွင် တစ်ဆို့ပြီး သေဆုံးလေသည်။
မင်းကြီးသည် တောင်မအဘိုးအို၏ လည်ပင်းမှနတ်သစ်စေ့ကို ကိုယ်တောင်တိုင် ထုတ်ယူပြီးလျှင် ‘ဤနတ်သစ်စေ့မှ တောင်ပိုင်းနယ်တွင် မျိုးပြန့်စေသတည်း’ ဟု အဓိဋ္ဌာန်ပြု၍ လွယ်ဆိုင်တောင်တွင် စိုက်ပျိုးလေသည်။
(မူလအပင်မှာ မီးလောင်သွားသော်လည်း အငုတ်မှ အတက်ပေါက်၍ ကြီးပြင်းနေသောအပင်မှာ ယခုတိုင် လွယ်ဆိုင်တောင်တွင် ရှိပေသေးသည်။ မူလမင်းကြီးစိုက်သော အပင်မှာ လူနှစ်ဖက်ခန့်ရှိသည်ဟု ရှေးလူကြီးသူမများက ပြောလေ့ရှိကြလေသည်။)
သေဆုံးသွားသောမြင်းစီးသူရဲကောင်း အဘိုးအိုအားလည်း ဤတောင်တွင် သာသနာပြုရစ်ရန် အမိန့်ပြန်တော်မူလေသည်။
ဒုတိယအဘိုးအို (တာကွန်ဟာယ်)အားလည်း သင်သည် ဤသစ်စေ့မှ မျိုးပြန့်စေရမည်။ ဤအပင်မှအရွက်ကို အခြောက်ပြု၍ အရည်ကျိုစေပြီးလျှင် လူသားတို့အတွက် အကျိုးပြုလေတော့ဟု မိန့်ကြားလေ၏။ ထို့ကြောင့်(တာကွန်ဟာယ်) ကွန်ဟဲအဘိုးမျိုးစေ့ချခဲ့သော ကွန်ဟဲလက်ဖက်ခြောက်ယခုတိုင် အနံ့အရသာတွင် ပြိုင်ဘက်ရှားလေသည်။
တတိယအဘိုးအိုဖြစ်သော ဇယန်းအဘိုးအို (တာဇွောင်နံင်)အားလည်း သင်သည် ဤနတ်သစ်စေ့မှ မျိုးပြန့်ပွားစေရမည်။ ဤအပင်မှအရွက်ကိုပေါင်း၍ အချဉ်ပြုပြီးလျှင် သုတ်၍စားနိုင်ရန် လူသားတို့အတွက် အကျိုးပြုရစ်လော့ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဇယန်းနယ်ထွက် ဇယန်းလက်ဖက်စိုမှာ ပြိုင်ဘက်ရှားသည်ဟု ပလောင်အမျိုးသားတို့ပြောဆိုလေ့ ရှိကြလေသည်။
ပလောင်ပုံပြင်များ စာအုပ်မှာ ပြန်လည်ကူးယူဖော်ပြသည်။
 

Sunday, October 13, 2013

လှသောဆည်းဆာ












တရက်ပြီးတရက် ရောင်စုံလူတွေကြားထဲ ရုန်းကန်လှုပ်ရှားရင်
နေ့တနေ့ရဲ့နေဝင်ချိန်ဆိုတာကိုသိလို့ရပေမဲ့
ဘဝရဲ့နေဝင်ချိန်ဆိုတာ သိခွင့်မရှိကြဘူး။
(မေမိုးမခ) 21:19

Wednesday, July 20, 2011

ရိုက်မိရိုက်ရာ ပန်းအချို့


မကြွေခင်မှာ ချွေချင်တဲ့လူတွေက ပေါပါ့


ခါချဉ်အုံ.....


ဘာပန်းလဲတော့မသိဘူး ငယ်ငယ်တုန်းက ရွာပြင်မှာခဏခဏ သွားခူးပြီးဆော့တယ်..


ငုဝါပန်း...... ဘန်ကောက်ကားဂိတ်..မှာရိုက်ခဲ့တာ အရမ်းလှတယ်..


ဘန်ကောက်တစ်နေရာမှာ ရိုက်ထားတာပါ သစ်ခွ နိုင်ငံလို့ခေါ်ရမလားမသိတော့ဘူး သွားလေရာမှာ သစ်ခွတွေ့တယ်.....


ဒါကတော့ အိမ်ရှေ့ ပန်းအိုးကို ရိုက်ထားတာ...


ဘန်ကောက်က ပန်းခြံထဲ အပင်တော်တော်များများက ဒီပန်းပင်ပါဘဲ အရိပ်လဲအေးတယ် ပန်းလဲမွှေးတယ်...


ဘန်ကောက် မြဘုရားကနေ ရိုက်လာခဲ့တယ်...


ဒါလဲ မြဘုရားက အမှတ်တရပါဘဲ....


ဒါလဲ မြဘုရားက

ဝါသနာကလဲ မသေးဘူး...... သွားလေရာမှာ ဓါတ်ပုံရိုက်ရိုက်ပြီးတော့ ပြန်လာတတ်ပါပေ့ သို့သော် ဓါတ်ပုံကောင်း တစ်ပုံမှမရဘူး

Tuesday, July 19, 2011

စားစရာတစ်ချို့


ဖရဲသီးစားကြမယ် ဒီလိုလှလှပပလေး လုပ်ပြီးတော့လဲ ဆွမ်းတော်တင်ရင် အရမ်းအဆင်ပြေပါတယ်...

ထိုင်းကျောက်ကျော.....

ကိုယ်တိုင်သုပ်ထားတဲ့လက်ဖက်သုပ်

တုမ်းယမ်ဟင်းရည်

ထိုင်းမှိုဟင်းချို

Monday, July 18, 2011

ရိုက်မိသမျှ ဘန်ကောက်ရှု့ခင်း


Victory Monument

Victory Monument

အိမ်အပြန် တံတားအကူး

Bayoke Tower 1

Rachaparop Road

Monday, February 9, 2009

သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊

မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊

တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ၊

တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊

ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်၊

ငါအတတ်ဟု၊ စာဖတ်သူပေါ်၊

ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊

မလုပ်ပါတည်း။ ။

တက္ကသိုလ်ဘုန်းနိုင်